Cover Letter ဆိုတာဟာ resume သို့မဟုတ် CV တို့နဲ့ တွဲပြီးတင်ရလေ့ရှိတဲ့၊ တစ်နည်းအားဖြင့် အလုပ်ရှင်က ကိုယ့်ကိုအလုပ်ခန့်ချင်လာအောင် ကိုယ့်ရဲ့လုပ်ငန်းအတွေ့အကြုံ၊ အစွမ်းအစနဲ့ လုပ်ရည်ကိုင်ရည် ပညာအရည်အချင်းတွေကို အက်ဆေးလိုမျိုး ဖွဲ့ကာနွဲ့ကာ အသားပေးရေးရတဲ့ စာဖြစ်ပါတယ်။အလုပ်ရှင်ထံလိပ်မူတပ်ပြီး အလုပ်လျှောက်သူမြောက်မြားစွာထဲကမှ ကိုယ့်ကိုဘာကြောင့်ရွေးသင့်တယ်၊ ကိုယ်ဟာ သူများတွေထက် ဘာတွေများ ထူးခြားသာလွန်နေတယ်ဆိုတာတွေကို ဒီစာကိုဖတ်မယ့်အလုပ်ရှင်တွေ ဆွဲဆောင်မျောပါသွားနိုင်အောင်၊ ကိုယ့်ကို အင်တာဗျူးချက်ချင်းခေါ်ချင်လောက်အောင် ရေးရတဲ့စာဖြစ်ပါတယ်။
ယေဘုယျအားဖြင့် cover letter ဟာ အနည်းဆုံး စာပိုဒ် ၃ပိုဒ် သို့မဟုတ် ၄ပိုဒ်တော့ရှိရပါမယ်။ အများဆုံးကတော့ ၂မျက်နှာလောက်ထက်ပိုရေးလို့ မကောင်းပါဘူး။ ကိုယ့်မှာ လုပ်သက်အတွေ့အကြုံတွေ ၁၀နှစ် အနှစ်၂၀ရှိတယ်ဆိုရင်တောင် စာမျက်နှာ၂မျက်နှာထက် ပိုရေးရင် မကောင်းပါဘူး။ လုပ်သက်နုတယ်ဆိုရင်တော့ တစ်မျက်နှာတည်းနဲ့ ကျစ်ကျစ်လစ်လစ် လောက်အောင်ရေးပါ။Microsoft Word နဲ့ရေးပါ။ စာမျက်နှာရဲ့ ဘယ်ညာအပေါ်အောက် ထောင့်လေးထောင့်ဟာ စာလုံးတွေနဲ့ ၁လက်မအကွာအဝေး 1 inch margin တူညီစွာ ရှိရပါမယ်။ ထိပ်ဆုံးမှာ စာလုံးကြီးကြီးနဲ့ ထင်ထင်ရှားရှား ကိုယ့်အမည်ကို အရင်ဆုံးစာရိုက်ပါ။ အရေးကြီးတာက ကိုယ့်နာမည်ဟာ ထိပ်ဆုံးမှာ တခြားစကားလုံးတွေထက် အနည်းငယ်ပိုကြီးပြီး ရှင်းလင်းပေါ်လွင်နေဖို့လိုပါတယ်။ ကိုယ်ကတော့ စာမျက်နှာရဲ့ ထိပ်ဆုံး အလယ်တည့်တည့်မှာ ဖောင့်ဆိုဒ် ၁၄ သို့မဟုတ် ၁၆လောက်နဲ့ရေးဖို့ အကြံပြုချင်ပါတယ်။ ကျန်တဲ့စာတစ်စောင်လုံးရဲ့ ဖောင့်ကိုတော့ တစ်ခုတည်းနဲ့ပဲရေးပါ။ များသောအားဖြင့် font size 12 နဲ့ရေးသင့်ပါတယ်။ ဖတ်လို့လွယ်ကူရှင်းလင်းတဲ့ဖောင့်ကိုပဲရွေးပါ။ ဥပမာ Times New Roman, Georgia, Calibri နဲ့ Arial ဖောင့်တွေဖြစ်ပါတယ်။
နာမည်ရဲ့အောက်မှာ ဖုန်းနံပါတ်နဲ့ အီးမေးလိပ်စာကို ရှင်းလင်းစွာဖော်ပြပါ။ ဒါမှ အလုပ်ရှင်က ကိုယ့် cover letter ကိုကြိုက်လို့ ကိုယ့်ကိုအင်တာဗျူးခေါ်ချင်တဲ့အခါ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်နဲ့ အီးမေးလ်လိပ်စာကို ထိပ်ဆုံးမှာ လွယ်လွယ်ကူကူ ရှာဖွေဆက်သွယ်နိုင်အောင်လို့ပါ။ နေရပ်လိပ်စာကတော့ ထည့်ရေးချင်လည်းရပါတယ်။ လိုတော့မလိုပါ။
အလယ်တည့်တည့်ရဲ့ထိပ်ဆုံးမှာ ဒါတွေဖော်ပြပြီးပြီဆိုရင်တော့ တစ်လိုင်းခြားပြီး စာမျက်နှာရဲ့ ဘယ်ဖက်အခြမ်းကပ်ပြီး နေ့စွဲတပ်ပါ။ နေ့စွဲရဲ့အောက်မှာ တစ်လိုင်းထပ်ခြားပြီး ကိုယ်အလုပ်လျှောက်မယ့် အဖွဲ့အစည်း သို့မဟုတ် ကုမ္ဗဏီနာမည်ကိုရေးပါ။ Enter တစ်ချက်ခေါက်ပြီး ကပ်လျက်လိုင်းမှာ သူ့ရဲ့ ရုံးလိပ်စာရေးပါ။တစ်လိုင်းခြားပြီး ဒီစာကိုဖတ်မယ့်သူရဲ့နာမည်ကိုရေးပါ။ ကိုယ့်အလုပ်ရှင်ဘယ်သူဘယ်ဝါ၊ ကုမ္ဗဏီက ဒီစာကိုဖတ်မယ့်လူရဲ့နာမည်ကို ကိုယ်က ကျိန်းသေမုချသိထားပြီးပြီဆိုမှ နာမည်အတိအကျကို ဥပမာ – Dear Mr. Johnson သို့မဟုတ် Dear Ms. Grande စသဖြင့်ရေးပါ။ ဒီစာကို ဘယ်သူကဖတ်မယ်မှန်းမသိ၊ အထီးလားအမလား မသေချာရင် To Whom It May Concern (ဒီစာကိုဖတ်မည့်သက်ဆိုင်သူသို့) လို့ပဲရေးတာ အမှားကင်းပါတယ်။
နိဒါန်းစာကြောင်းကိုတော့ နှုတ်ဆက်စကားတွေ၊ အလ္လာပသလ္လာပတွေနဲ့ ဘယ်တော့မှ မစပါနဲ့။ ဒါဟာ သူငယ်ချင်းဆီ သတိရကြောင်းရေးတာမဟုတ်ပါဘူး။ ပရော်ဖက်ရှင်နယ်ဆန်ဆန် အလုပ်လျှောက်နေတာပါ။ နိဒါန်းရဲ့ ပထမဦးဆုံးအကြောင်းကို “ဒီစာရေးရခြင်းအကြောင်းကတော့ သင့်ရဲ့ ဘယ်ကုမ္ဗဏီ ဘာအဖွဲ့အစည်းက ခန့်အပ်ဖို့ကြေငြာထားတဲ့ ဘာရာထူးကို စိတ်ဝင်စားလို့ ရေးရခြင်းဖြစ်ပါတယ်” ဆိုတာမျိုးနဲ့ အမြဲဖွင့်သင့်ပါတယ်။ ဦးတည်ချက်ကိုရှေ့တန်းတင်တဲ့သဘောမျိုး သက်ရောက်စေပါတယ်။ ဒုတိယစာကြောင်းကိုတော့ ကိုယ့်ရဲ့လက်ရှိရာထူးနဲ့ အလုပ်အကိုင်ကိုရေးပါ။ ကိုယ်ဟာ အလုပ်လက်မဲ့ဆိုရင်တော့ အဲ့ဒီအစား ကိုယ်ဟာ အခုလျှောက်မယ့်အလုပ်အကြောင်းကို ဘယ်လိုမျိုး ဘယ်နေရာက ကြားသိခဲ့ပါတယ်ဆိုပြီး ရေးနိုင်ပါတယ်။
ဒုတိယနဲ့ တတိယအပိုဒ်တွေဟာ စာကိုယ်ဖြစ်ပါတယ်။ ဒီမှာ လုပ်ငန်းအတွေ့အကြုံကို စာကြောင်းလေးကြောင်းလောက်နဲ့ ကျစ်ကျစ်ကလေးရေးပါ။ စကားပုံတွေ၊ ဗန်းစကားတွေ၊ ရပ်ကွက်သုံးစကားတွေကို အမြဲရှောင်ပါ။ ဒုတိယအပိုဒ်မှာတော့ resume ထဲမှာ ဖော်ပြထားပြီးဖြစ်တဲ့ အချက်အလက်တချို့ကို ထည့်သွင်းပြီး ကိုးကားချဲ့ထွင်ပြီး ရေးနိုင်ပါတယ်။ ရိုးရိုးဗြောင်ကြီးရေးမယ်ဆိုရင် စကားလုံးတွေဟာ တက်ကြွမှုမရှိဘဲ ပျင်းစရာကောင်းနေပါလိမ့်မယ်။ ဒီတော့ ပုံမှန်စာကြောင်းတည်ဆောက်ပုံထဲမှာကိုပဲ ဆွဲဆောင်မှုရှိအောင် သွယ်ဝိုက်ဖမ်းစားရေးတတ်ဖို့ အရေးကြီးပါတယ်။ ထည့်ရေးသင့်တဲ့အချက်များ – လုပ်သက်၊ ရာထူး၊ လုပ်ငန်းခွင်မှာ ကျော်လွှားခဲ့တဲ့အခက်အခဲတစ်ခု၊ အောင်မြင်ဖူးတဲ့ပရောချက်တစ်ခု၊ ရရှိဖူးတဲ့ promotion (ရာထူး/လစာတိုးခြင်း) စသည်။တတိယအပိုဒ်မှာတော့ ကိုယ်အခုလျှောက်နေတဲ့အလုပ်နဲ့ပတ်သက်တဲ့ လုပ်ငန်းဆောင်တာ၊ တာဝန်တွေနဲ့ပတ်သက်ပြီးတော့ အသားပေးရေးပါ။ အလုပ်လျှောက်လွှာခေါ်တဲ့အခါ ဘာအရည်အချင်းရှိရမယ်တို့ ဘာအတွေ့အကြုံရှိရမယ်တို့ minimum qualifications တွေ အမြဲပါတတ်ပါတယ်။ ဒါတွေကို တုံ့ပြန်ဖြေကြားတဲ့အနေနဲ့ သူတို့လိုချင်တဲ့အဓိကအရည်အချင်းတွေ ကိုယ့်မှာရှိကြောင်း သူတို့အမေးတွေကို တိုက်ရိုက်ဖြေဆိုသလိုပုံစံမျိုးနဲ့ ရေးသားနိုင်ပါတယ်။
လူချင်းစကားပြောခွင့်ရအောင် တောင်းဆိုပါ။ ကိုယ့်အရည်အချင်းတွေကို သူ့စိတ်တိုင်းကျ မျက်လုံးချင်းဆုံပြီး ပိုအသေးစိတ်ပြောဆိုနိုင်ဖို့အတွက် အခွင့်အရေးများရနိုင်ရင် ဘယ်လောက်ကောင်းလိမ့်မလဲဆိုပြီး သွယ်ဝိုက်ရေးနိုင်ပါတယ်။ ကိုယ့်ကိုအင်တာဗျူးခေါ်ဖို့ ချည်ပြီးတုပ်ပြီးသား လုပ်လိုက်တဲ့သဘောပါပဲ။ အဲ့ဒါပြီးရင်တော့ နောက်ဆက်တွဲအနေနဲ့ ငါ့စာထဲမှာ မင်းမရှင်းလင်းတဲ့အချက်၊ ပိုသိချင်တဲ့အချက်အလက်လေးတွေ၊ မေးခွန်းကလေးတွေများ ပါခဲ့ရင် ငါ့ဆီ အချိန်မရွေးဆက်သွယ်နိုင်ပါကြောင်း ထည့်ရေးပါ။ အဆုံးသတ်စာကြောင်းမှာတော့ ကျေးဇူးတင်စကားပြောပါ။ မကြာခင် သူ့ဆီက အလုပ်စကားတစ်ခုခု အကြောင်းပြန်ကြားနိုင်ဖို့ မျှော်လင့်နေကြောင်းတွေကိုရေးပြီး အဆုံးသတ်လိုက်ပါ။ ဘယ်ဘက်အောက်ဆုံးမှာတော့ Sincerely ဆိုပြီး ကိုယ့်နာမည်အပြည့်အစုံကိုရေးပါ။ လက်မှတ်ထိုးဖို့မလိုအပ်ပါဘူး။
Craton Highways (Brought to you by the SPACE Language Academy)